ကွန်ပျူတာဖန်သားပြင်ကိုပဲ တစ်နေ့လုံး ထိုင်ကြည့်နေကြမယ်ဆိုရင်…
ဒီကနေ့
ကျွန်တော်တို့ ကမ္ဘာဟာ နည်းပညာမှာ 4.0 ခေတ်လို့ ပြောနေကြတဲ့ အဆင့်ထဲမှာ ရောက်နေကြပြီ ဖြစ်ပါတယ်။ အားလုံးရဲ့
လူမှုဘဝနဲ့ အလုပ်အကိုင်တွေ အကြားမှာ ဒစ်ဂျစ်တယ် ပစ္စည်းတွေ အသုံးတွင်ကျယ်လာပြီး
နေထိုင်မှုနဲ့ အမူအကျင့်တွေ ပြောင်းလဲလာတာကို ကြည့်ရုံနဲ့တင် နည်းပညာတွေ
ဘယ်လောက်တောင် ဖွံ့ဖြိုးတိုးတက်ပြီး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာပြီလဲ ဆိုတာကို
သိနိုင်ပါတယ်။ ကွန်ပျူတာတွေ မိုဘိုင်းဖုန်းတွေနဲ့ အင်တာနက်အွန်လိုင်းတွေရဲ့
ကျေးဇူးနဲ့ လုပ်ငန်းတွေကို လည်ပတ်နေကြရတာပဲဖြစ်ပါတယ်။ နေ့စဉ်ဘဝတွေ ဟာလည်း
ပျင်းရိငြီးငွေ့ဖွယ်တွေ နည်းပါးလာပြီး ပိုပြီးတော့
လွယ်ကူသက်သာစွာနဲ့ နေချင့်စဖွယ်ဖြစ်နေပါတယ်။ ဒါပေမယ့် ဒါတွေအပေါ်မှာ
ကျွန်တော်တို့ သတိလက်လွတ်ဖြစ်နေမယ်၊ တရှိုက်မက်မက်စွဲလန်းနေမယ်၊ အဲဒါတွေအပေါ်မှာ
သိပ်ပြီး ရူးရူးသွပ်သွပ်တွယ်တာနေမယ်ဆိုရင်တော့ ပုံရိပ်ယောင်တွေကိုပဲ ဘဝလို့
ထင်သွားပြီး မိသားစုနဲ့ ချစ်ရသူတွေကို ပစ်ထားမိတာ၊ သူတို့အပေါ် ရန်လိုတာ၊
စိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးမှုများလာတာ၊ Office syndrome ဆိုတဲ့
ရုံးစွဲနာ စတဲ့ အနုတ်သဘောဆောင်တဲ့ သက်ရောက်မှုတွေ ဖြစ်လာမှာဖြစ်တဲ့အပြင်
ဖန်သားပြင်ကိုပဲကြည့်နေမိတဲ့ မျက်လုံးမှာ လည်း “မြင်လွှာအိုမင်းယိုယွင်းပျက်စီးလာခြင်း”
ဆိုတဲ့ ဆိုးကျိုးတစ်ခုကိုပါ ရရှိခံစားလာကြရမှာပဲ ဖြစ်ပါတယ်။
လူတိုင်းလက်ထဲက
အသုံးများပစ္စည်းတွေထဲမှာ မျက်လုံးကို ဆိုးကျိုးပေးနိုင်တဲ့ အပြာရောင်အလင်းတန်းတွေ
ထုတ်လွှတ်ပေးနေတဲ့ ပစ္စည်းတွေ အများကြီးပါဝင်ပါတယ်။ အဲဒီ ရောင်ခြည်ပြာပြာတွေ
တစ်နေကုန် ထုတ်လွှတ်ပေးနေတဲ့ အရာတွေထဲမှာ အောက်ပါတို့ ပါဝင်ပါတယ်။
- နေရောင်ခြည် – သူကတော့ ကနဦးအစမူလပင်မသဘာဝ
အပြာရောင်ခြည်ထုတ်လွှတ်ပေးနေတဲ့အရာပဲ ဖြစ်ပါတယ်။
- လူလုပ်ပစ္စည်းများ – LED မီးလုံးလေးတွေ၊
ကွန်ပျူတာ နဲ့ နုတ်ဘုတ်မော်နီတာတွေ၊ မိုဘိုင်းဖုန်း နဲ့ တက်ဘလက် စခရင်တွေ။
ဘယ်လိုရောင်ခြည်အပြာရောင်မျိုးကို
ရှောင်ရှားသင့်သလဲ။
ကျွန်တော်တို့ဟာ
အပြာရောင် အလင်းတန်း ၂မျိုး၂စားကို နေ့စဉ် ကြုံတွေ့ရလျက်ရှိပါတယ်။
- ကောင်းတဲ့အပြာရောင်အလင်း
– လှိုင်းအလျား ၄၇၀ nm လောက် ရှိပါတယ်။ စိတ်ကို
တက်ကြွလန်းဆန်းစေပါတယ်။ circadian rhythm လို့ခေါ်တဲ့
ဇီဝခန္ဓာကိုယ်ရဲ့ အိပ်စက်မှုနဲ့ နိုးကြားမှု စက်ဝန်းကို မှန်ကန်အောင်
ထိန်းညှိပေးပါတယ်။
- ဆိုးတဲ့အပြာရောင်အလင်း
– လှိုင်းအလျား ၄၁၅ – ၄၅၅ nm ကြားမှာ ရှိပါတယ်။ မျက်လုံးထဲက မြင်လွှာကို အနုတ်သဘောဆောင်တဲ့
သက်ရောက်မှုတွေ ဖြစ်စေပါတယ်။ ဘယ်လိုလုပ်တာလဲ ဆိုတော့ .. lipofuscin (ဖရီးရာဒီကယ်တွေရဲ့ လှုံဆော်မှုကြောင့် ဖြစ်လာတဲ့ စွန့်ပစ်ဆဲလ်တွေနဲ့
ရောင်ခြယ်ပစ္စည်းတွေ) ထုတ်လုပ်မှုကို အားပေးတာဖြစ်ပြီး သူ့ရဲ့ သက်ရောက်မှုက
မျက်စိမြင်လွှာမှာ အသက်ကြီးလို့ ဖြစ်လာတဲ့ အိုမင်းယိုယွင်းပျက်စီးစေမှုပဲ
ဖြစ်ပါတယ်။
ရောင်ခြည်ပြာအတွက်
ခန္ဓာကိုယ်ရဲ့ ခုခံကာကွယ်ရေးစနစ်
သဘာဝ
Carotenoids (အဝါရောင်ကနေ အနီရောင်ကြားမှာရှိတဲ့ အရောင်တွေပါဝင်တဲ့
အုပ်စုတစ်စု)အမျိုးအစားပေါင်း ၆၀၀ ကျော် ရှိတာမှာ မျက်လုံးရဲ့ မြင်လွှာမှာ ၂
မျိုးပဲ တွေ့ရှိရပါတယ်။ သူတို့ဟာ Macula Lueta (ဘဲဥပုံ
ရောင်ခြယ်ပစ္စည်းတစ်ခုဖြစ်ပြီးမြင်လွှာရဲ့ အလယ်ရှေ့နားမှာ စုပုံနေကြပြီး)
မြင်မှုဆိုင်ရာဗဟိုချက် ကို တာဝန်ယူထားပါတယ်။ lutein နဲ့
zeaxanthin တို့ဖြစ်တဲ့ အဲဒီ Carotenoid တွေဟာ မျက်လုံးအတွက် အကျိုးယုတ်စေတဲ့ ရောင်ခြည်အပြာရောင်နဲ့
နေရောင်ခြည်ထဲမှာပါတဲ့ ဆိုးကျိုးပေးရောင်ခြည်တွေကို မြင်လွှာပေါ် ကျရောက်ခြင်းကနေ
ကာကွယ်ပေးခြင်းအားဖြင့် မြင်လွှာဆဲလ်တွေကို မပျက်စီးအောင်လုပ်ပေးတယ်။
ဖရီးရာဒီကယ်တွေကနေလည်း ကာကွယ်ပေးတယ်။
အဝါရောင်တောက်တောက်
မာရီဂိုးလ်ဒ်ပန်းတွေနဲ့ အနီရဲရဲ ဂိုဂျိဘယ်ရီသီးတွေဟာဆိုရင် အဲဒီအတွက် အကောင်းဆုံး
သဘာဝပစ္စည်းတွေပဲ ဖြစ်ပါတယ်။ ပြောင်းဖူး၊ ကြက်ဥ၊ မုန်လာဥ၊ ကိုက်လန်၊ ပန်းဂေါ်ဖီ၊
ပန်းဂေါ်ဖီစိမ်း၊ အက်ကွဲသီး၊ morning
glory လို့ခေါ်တဲ့ ပန်းပွင့်ခရမ်းရောင်လေးတွေ၊ သခွားသီး (အခွံအပါအဝင်)၊ ထောပတ်သီး၊ ဖရုံသီး စတာတွေကနေ lutein နဲ့ zeaxanthin တို့ကို ရရှိနိုင်ပါတယ်။
သူတို့ဟာ ပရိုဗီတာမင် – A carotenoids အုပ်စုဝင်တွေ
မဟုတ်ကြပါဘူး။ ဆိုလိုတာက beta carotene တွေလို ဗီတာမင် A
အဖြစ် ပြောင်းလဲကြမှာ မဟုတ်ပါဘူး။ ပြောချင်တာက သူတို့ကို
ခန္ဓာကိုယ်က တိုက်ရိုက်ချက်ချင်း အသုံးချနိုင်ပေမယ့်
ပိုနေတာတွေကိုတော့ ခန္ဓာကိုယ်ထဲမှာ
စုဆောင်းသိုမှီးထားမှာမဟုတ်ပါဘူး။
ရောင်ခြည်ပြာ
ရဲ့ အစွမ်းသတ္တိများ
- ဒစ်ဂျစ်တယ်ပစ္စည်းများကြောင့်ဖြစ်ရတဲ့
မျက်စိဝေဒနာများ –
မျက်လုံးအောင့်ခြင်း၊ ခြောက်သွေ့ခြင်း၊ အမြင် ဝေဝါးခြင်း၊
မျက်ရည်ပူများကျခြင်း။
- အသက်အရွယ်ကြောင့်ဖြစ်တဲ့
မြင်လွှာအိုမင်းယိုယွင်းပျက်စီးမှု –
အလင်းရောင်ကြောင့် ဖရီးရာဒီကယ်များ ဖြစ်လာခြင်း။ lipofuscin
(ဖရီးရာဒီကယ်တွေရဲ့ လှုံဆော်မှုကြောင့် ဖြစ်လာတဲ့
စွန့်ပစ်ဆဲလ်တွေနဲ့ ရောင်ခြယ်ပစ္စည်းတွေ) ထုတ်လုပ်မှုကို အားပေးတာဖြစ်ပြီး
သူ့ရဲ့ သက်ရောက်မှုက မျက်စိမြင်လွှာမှာ အသက်ကြီးလို့ ဖြစ်လာတဲ့
အိုမင်းယိုယွင်းပျက်စီးစေမှုပဲ ဖြစ်ပါတယ်။
- မယ်လတိုနင်ထုတ်လုပ်မှုကို
ဝင်ရောက်စွက်ဖက်ခြင်း (မယ်လတိုနင်ထုတ်လုပ်မှုကို ၇၀% အထိ ထိခိုက်စေတယ်။)
ဘာတွေဖြစ်လာမလဲဆိုတော့ အိပ်ပျော်ဖို့ခက်မယ်၊ အိပ်စက်ခြင်းနဲ့
နိုးထခြင်းစက်ဝန်းကို ဟန်ချက်ပျက်စေမယ်။ အိပ်ခါနီး မှောင်ထဲမှာ ဖုန်းတို့
တီဗီတို့ ကြည့်တာကို ရှောင်ရှားဖို့ လိုပါတယ်။
Work
from Home ဆိုပြီးတော့ အိမ်ကနေ အလုပ် လုပ်တဲ့အခါ
မျက်လုံးမထိခိုက်စေဖို့ ဆောင်ရန် ရှောင်ရန်တွေ
- ကွန်ပျူတာ၊ ဖုန်း၊
တက်ဘလက် ဖန်သားပြင်က တောက်ပမှုကို လျှော့ချထားရပါမယ်။
- Blue light screen filter လို့ခေါ်တဲ့ အရောင်လျှော့ချတဲ့ ကာဗာလေးတွေ တပ်ထားဖို့ လိုပါတယ်။
- မှောင်ထဲမှာ
ဖုန်းကြည့်ခြင်း၊ မီးတွေပိတ်ပြီး တီဗီကြည့်ခြင်း စတဲ့ မျက်စိစူးစေမယ့်
အပြုအမူတွေကိုလည်း ရှောင်ကြဉ်ရပါမယ်။
- မိနစ် ၂၀ ကြာတိုင်း
မျက်လုံးကို အနားပေးဖို့ လိုပါတယ်။
- lutein နဲ့ zeaxanthin
ပါတဲ့ အစားအသောက်တွေ များများစားပေးဖို့ လိုပါတယ်။
- မျက်လုံးအားကောင်းစေတဲ့
ဗီတာမင်အားဖြည့်ဆေးတစ်ခုခုလည်း သောက်ပေးသင့်ပါတယ်။
- မျက်စိကို
အကောင်းဆုံး အနားပေးခြင်းကတော့ အိပ်စက်ခြင်းပါပဲ။ အိပ်လို့ မပျော်ဘူးဆိုရင်
မျက်စိကို အဝေးကြီးကို ကြည့်ပေးခြင်းအားဖြင့်လည်း မျက်လုံးထဲက ကြွက်သားတွေကို
အနားပေးရာရောက်ပြီး မျက်လုံး ပင်ပန်းမှုများကို လျှော့ချနိုင်ပါတယ်။
မျက်လုံးကို
အားပြည့်စေပြီး ကာကွယ်မှုများလည်း ပေးနိုင်တဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်များ
- lutein နဲ့ zeaxanthin
တို့ဖြစ်တဲ့ အဲဒီ Carotenoid တွေဟာ
မျက်လုံးတစ်သျှူးတွေထဲမှာ ရှိနေကြပြီး မြင်မှုဆိုင်ရာဗဟိုချက် ကို
တာဝန်ယူထားပါတယ်။ မျက်စိတိမ်ဖြစ်ပေါ်စေမှုကို တားဆီးပေးပြီး မြင်လွှာအိုမင်းယိုယွင်းပျက်စီးမှုကိုလည်း
၄၀% အထိ လျှော့ချပေးနိုင်ပါတယ်။ ရောင်ခြည်အပြာကြောင့် ဖြစ်ပေါ်လာနိုင်တဲ့
ပျက်စီးမှုတွေကိုလည်း စစ်ထုတ်ပစ်နိုင်ပါသေးတယ်။
- ဘီလ်ဘယ်ရီသီးတွေမှာတွေ့နိုင်တဲ့
Anthocyanins ဟာ တကယ်ကောင်းတဲ့ အင်တီအောက်ဆီဒင့် ဖြစ်ပြီး
မျက်စိတိမ်ဖြစ်ပေါ်စေမှုနဲ့ မြင်လွှာအိုမင်းယိုယွင်းပျက်စီးမှုတို့ကို
ကာကွယ်နိုင်ဖို့ anti-inflammatory agents အနေနဲ့
အကူအညီပေး ပါတယ်။ ဒါ့အပြင် မှောင်ထဲမှာ ဒါမှမဟုတ် အလင်းရောင် နည်းတဲ့နေရာမှာ
မြင်ရစေဖို့ အမြင်အာရုံကို လိုက်လျောညီထွေဖြစ်အောင် ညှိနှိုင်းပေးတဲ့
rhodopsin အဆင့်ကိုလည်း ပြန်ပြီးတော့ တည်ဆောက်ပေးပါတယ်။
- ခရမ်းချဉ်သီး
(အခွံမှာပိုတွေ့ရ) တဲ့ Lycopene
– ဒါကတော့ မျက်စိကိုကာကွယ်ပေးပြီး မြင်လွှာဆဲလ်တွေ
ပျက်စီးခြင်းအန္တရာယ်ကနေ တားဆီးပေးတဲ့ carotenoid ဖြစ်ပါတယ်။
- ဘယ်ရီသီးတွေဖြစ်တဲ့
ဘီလ်ဘယ်ရီ၊ ခရမ်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ရပ်စ်ဘယ်ရီ၊ ဂိုဂျိဘယ်ရီ စတာတွေမှာ ပါတဲ့ Flavonoids –ကတော့
မြင်လွှာကို အားကောင်းစေတယ်၊ မျက်စိဆံချည်မျှင်သွေးကြောလေးတွေကို
ပြန်လည်တည်ဆောက်ပေးတယ်၊ မျက်လုံးကို သွေး ထောက်ပံ့မှု ကောင်းအောင်
လုပ်ပေးပါတယ်။
- Beta-Carotene ကတော့
အလင်းရောင်နည်းတဲ့နေရာမှာ မြင်နိုင်စေဖို့နဲ့ မြင်လွှာပေါ်ကိုကျရောက်မယ့်
ခရမ်းလွန်ရောင်ခြည်တွေ ဒဏ်ကနေ ကာကွယ်ပေးပါတယ်။
- ဗီတာမင် A ကျတော့
အမြင်အာရုံအတွက် တကယ်ကို မရှိမဖြစ်ဘဲ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ကိုယ်လုံး အတွက်
အရေပြားနဲ့ mucosal ဆဲလ်တွေရဲ့
လုပ်ငန်းဆောင်တာတွေကိုလည်း အားပေးပါတယ်။
- ဗီတာမင် E နဲ့ ဗီတာမင် B
Complex တွေကတော့ အင်တီအောက်ဆီဒင့် တွေ ဖြစ်ပြီး
ဆဲလ်ပျက်စီးခြင်းနဲ့ မြင်လွှာအိုမင်းယိုယွင်းပျက်စီးမှုတို့ကို
ကာကွယ်ပေးပါတယ်။
- ထင်းရှူးခေါက်နဲ့
စပျစ်သီးအစေ့တို့ကနေ ထုတ်ယူနိုင်တာကတော့ OPC ဖြစ်ပါတယ်။ မျက်လုံးထဲက
ဆံချည်မျှင်သွေးကြောလေးတွေဆီကို သွေးပို့တဲ့ နေရာမှာ ကူညီပါတယ်။ ဒါ့အပြင်
ဆီးချိုကြောင့် မျက်လုံးကွယ်ခြင်းစတာတွေကိုလည်း တားဆီးပေးပါတယ်။ ဒါ့အပြင်
အသားအရေ ခြောက်သွေ့ ကြမ်းတမ်းမှု၊ မှဲ့ခြောက်တို့ တင်းတိတ်တို့ စတာတွေကိုလည်း
ကာကွယ်ပေးပြီး အသားအရေ ကြည်လင်ဝင်းပစေပါတယ်။
- ဆီးဖြူသီးကတော့
အင်တီအောက်ဆီဒင့် နဲ့ ဗီတာမင် စီ အလွန်ကြွယ်ဝပါတယ်။
ဆံချည်မျှင်သွေးကြောလေးတွေကို အားကောင်းစေပြီး မျက်စိမြင်လွှာဆဲလ်တွေရဲ့
လုပ်ဆောင်ချက်တွေကို ထိန်းသိမ်းပါတယ်။ မျက်လုံး ခြောက်သွေ့မှု နဲ့ ယားယံမှုတွေကိုလည်း
သက်သာစေပါတယ်။
အဲဒီတော့
အဲဒီအပြာရောင်လင်းရောင်ခြည်တွေကို လုံးဝဥဿုံ ရှောင်ရှားလို့ မရနိုင်ဘူးဆိုရင်တော့
ကိုယ့်မျက်လုံးကိုပဲ တတ်နိုင်သမျှ ကာကွယ်ရမှာပဲဖြစ်ပါတယ်။ “မျက်စိအဆုံး
နားအရှုံး” ဆိုတဲ့ မြန်မာစကားပုံ အတိုင်း
မျက်စိအမြင်အာရုံကို ဆုံးရှုံးတာဟာ အားလုံးကို ဆုံးရှုံးတာဖြစ်တာမို့လို့
တစ်သက်လုံးအတွက် မျက်လုံးကျန်းမာဖို့ လိုအပ်ပါတယ်။ ဒီကနေ့ ထိုင်းနိုင်ငံရဲ့ လူဦးရေ
၅၀% ကျော်ဟာ သူတို့ အသက် ၄၀ နောက်ပိုင်းမှာ မြင်မှုဆိုင်ရာ ဖောက်ပြန်မှုများထဲက
တစ်ခုမဟုတ်တစ်ခုနဲ့ ရင်ဆိုင်နေကြရပါတယ်။ အရေးကြီးပါတယ်။ အသက် ၄၅ နှစ်နဲ့အထက်တွေဟာ
၁ နှစ် ၂ နှစ် တစ်ကြိမ် မျက်လုံးကို စစ်ဆေးသင့်ကြပြီး တိမ်တို့၊
မြင်လွှာအိုမင်းယိုယွင်းပျက်စီးမှုတို့ အရွယ်မတိုင်ခင် စောစောဖြစ်မလာအောင်
ကြိုတင်ကာကွယ် တားဆီးလို့ ရှောင်သင့်တာရှောင်၊ ဆင်ခြင်သင့်တာဆင်ခြင်ပြီး
လိုက်နာသင့်တာ လုပ်ဆောင်သင့်တာတွေကို လိုက်နာလုပ်ဆောင်သင့်ပါကြောင်း
တိုက်တွန်းလိုက်ရပါတယ်။
Cd,…
Post a Comment