နည်းပညာခေတ်ကြီးထဲ စီးမျောနေကြတဲ့မျိုးဆက်သစ်လူငယ်များအတွက်
နည်းပညာခေတ်ကြီးထဲ
စီးမျောနေကြတဲ့ မျိုးဆက်သစ်လူငယ်အတော်များများဟာ ကွန်ပျူတာရှေ့မှာသာ တစ်နေကုန်ထိုင်နေပေမယ့်
တွေးတောစဉ်းစား
ရမယ့်အလုပ်ဆိုရင် တီကိုဆားနဲ့ တို့သလို ဖြစ်ကုန်ကြတယ်။
စာဆိုတစ်ခုရှိပါတယ်။ ခရုမှာလည်း အဆန်နဲ့၊ လူမှာလည်း အကြံနဲ့တဲ့။
လူမှန်ရင် စဉ်းစား တွေးတောရမယ်။ အကြံဉာဏ်သစ်တွေ စိတ်ကူးရမယ်။
ကိုယ်တိုင်မသိရင်တောင် သူများပြောထားတဲ့ ပညာရှိစကားတွေနဲ့
လူတတ်ကြီးလုပ်ရပါတယ်။ ဥပမာ ကျွန်တော့်လိုပေါ့။
ကိုယ်တိုင်ကသာနကန်းတစ်လုံးမသိတာ၊ သူများတွေပြောထား တာ၊ ရေးထားတာတွေကျတော့
လူပုံအလယ်အာပေါင်အာရင်း သန်သန်ပြောလိုက်ချင်သေးသပေ့ါ။ အရစ္စတိုတယ်က ပြောတယ်၊
ပလေတိုက ပြောတယ်၊ နစ်ရှေးက ပြောတယ် စသဖြင့်ပေါ့ဗျာ။ အဲဒီပုဂ္ဂိုလ်တွေ ဖြူသလား
မည်းသလားဆိုတာတော့ သိဘူးဗျ။ အရစ္စတိုတယ်ဆိုတာကြီး၊ ပလေတိုဆိုတာကြီးတွေက
ဘယ်ပုံဘယ်နည်း စူးစူးရှရှထွင်းဖောက်တွေးခေါ် ခဲ့ကြသလဲဆိုတာကိုတော့ အများစုက
မသိချင်ကြဘူး။ တွေးချင်တဲ့သူတွေက တွေးချင်ရာတွေးပြီး ပြောထားသမျှကိုသာ လေဖောဖောနဲ့
ပြောပြချင်တာ။
ဘာလို့အဲ့သလိုဖြစ်နေ သလဲဆိုတော့ လူဆိုတာ သမာရိုးကျအခြေအနေထက်
ပိုတွေးကြဖို့၊ ထွင်းဖောက်တွေးကြဖို့ အင်မတန်ဝန်လေးကြပါတယ်။ နောက်တစ်ချက်ကလည်း
အစဉ်အလာ ယဉ်ကျေးမှု၊ အကန့်အသတ်တွေကို ဖောက်ထွက်ဖို့ကြောက်နေကြတာပါ။ လူတွေဟာ
အမှန်တရားကို စကားအဖြစ်သာ ပြောလိုကြပြီး၊မျက်နှာချင်း ဆိုင်ဖို့တော့
ဝန်လေးကြပါတယ်။ Philosophy makes no bread ဆိုတဲ့
စကားတစ်ခွန်းရှိပါတယ်။ ဒဿနိကဗေဒ သည်ပေါင်မုန့်မဖုတ်ဘူးတဲ့ခင်ဗျ။ဆိုလိုချင်တာက
ဒဿနိကဗေဒဟာသက်မွေးဝမ်းကြောင်း ပညာမဟုတ်တာကြောင့် ခင်ဗျားတို့
ကျွန်တော်တို့ရဲ့အစာအိမ်တွေကို ဗိုက်ပြည့်အောင် လုပ်ပေးမယ့်ပညာတော့မဟုတ်ပါဘူး။
ဒါပေမယ့် ကမ္ဘာတစ်ခုလုံးရဲ့တိုးတက်မှုဖြစ်စဉ်ကြီးမှာ ဒဿနိကဗေဒဟာ အရေးအကြီးဆုံးအခန်းကဏ္ဍမှ
ပါဝင်အသုံးတော် ခံခဲ့ပါတယ်။လူသားတို့ရဲ့ နေ့စဉ်ဘဝမှာ လုပ်ရပ်ပေါင်းစုံ၊
အပြုအမူပေါင်းစုံအတွက် ဆုံးဖြတ်ချက်မျိုးစုံကို ချမှတ်နေရပါတယ်။
ညနေရုံးဆင်းအိမ်ပြန်ရင် ဘယ်ဆိုင်မှာ ဘီယာဝင်ကစ် လိုက်မယ်။ လူကြီးမသိအောင်
ပိုက်ဆံဘယ်လို ဘတ်ထားလိုက်မယ်။ ညစာကောင်းကောင်းစားရအောင် မိန်းမကို
ဘယ်လိုရွှီးရမယ်ဆိုပြီး စဉ်းစားတာမှန်သမျှ ဒဿနိကဗေဒရဲ့စက်ကွင်းထဲ
ကျရောက်ပါတယ်။ ဒဿနသမားတွေဟာ အရာရာတိုင်းကို သံသယမျက်စေ့နဲ့သာ
ကြည့်မြင်ကြပါတယ်။ ဒါပေမယ့် ဒဿနသမားရဲ့ သံသယဆိုတာ “ဥဒ္ဓစ္စ၊
ကုက္ကုစ္စ၊ ဝိစိကိစ္ဆ” (ပျံ့လွင့်သောစိတ်၊ နောင်တစိတ်၊
ဝေခွဲမရတဲ့စိတ်)တို့ မဟုတ်ကြပါဘူး။ ပြဿနာတစ်ခုကို ဝေဖန်ဆန်းစစ်ခြင်း၊
စူးစမ်းလေ့လာခြင်းတို့အခြေခံပြီး သံသယနဲ့ အကဲဖြတ်သူတွေ ဖြစ်ပါတယ်။
သာမန်လူအနေနဲ့ကတော့ ပြဿနာတစ်ရပ်ကို ကြုံရတဲ့အခါ ထူးဆန်းသကွာ၊ အံ့ရော
အံ့ရော၊ မိုက်သဟေ့၊ လန်းသဟ၊ သောက်ကျိုး နည်း ကောင်းလိုက်တာ စသဖြင့်
အကဲဖြတ်ကြပါတယ်။ ဒဿနသမား ကတော့ အံ့သြမှုနောက်ကွယ်မှာရှိနေတဲ့ သံသယမေးခွန်းတွေ
တစ်ပါတည်း လိုက်လာ တတ်ပါတယ်။ ကျီးကန်းသည် မည်း၏၊ ကုလားသည် မည်း၏၊ ထို့ကြောင့်
ကျီးကန်းသည် ကုလားဖြစ်၏ဆိုတာ
လက်တွေ့မှာဟုတ်နိုင်ပါ့မလား၊ အုန်းသီးထဲကို ဘယ်ကောင် လက်ကမြင်းပြီး
ရေထည့်သွားတာလဲ ဆိုတာမျိုးတွေပေါ့လေ။ လူမှန်ရင် တွေးတောရပါမယ်။
မတွေးတော့တဲ့တစ်နေ့မှာ လူ့သမိုင်းကျဆုံးသွားပါလိမ့်မယ်။
လူသားတို့ရဲ့အနာဂါတ်တိုးတက်ဖို့အတွက် အုန်းသီးထဲ ဘယ်သူရေထည့်သလဲ ဆိုတာလောက်နဲ့
မလုံလောက်ပါဘူး။ ဘာ့ကြောင့် ရေရှိနေရသလဲ ဆိုတာကို ဆက်လက်ပြီး တွေးတော စဉ်းစားနေရပါ
လိမ့်မယ်၊ အုန်းသီးထဲမှာ အမြဲတန်း ရေရှိနေနိုင်မလားဆိုတာ လည်း
မေးခွန်းဆက်ထုတ်နေရဦး မှာပါပဲ။ စဉ်းစားတွေးတောတာနဲ့ပတ်သက်ပြီး အခုတင်ပြချင်တာ
ကတော့ တွေးတောကြည့်စရာ အကြောင်းအရာလေးတစ်ခုပါ။
ဝက်ဆိုက်တစ်ခုထဲမှာ Member တွေက
တပ်မတော်သားတွေလည်း ပါနေတယ်။ ဒီတော့ စာရေးတဲ့အခါ 'စစ်သား'
လို့ ရေးတာကို ရင့်သီးတယ်လို့ သူတို့က ကွန်ပလိန်းတက်တာကြောင့် Auto
correction က
'စစ်သား' လို့ ရိုက်တိုင်း 'တပ်မတော်သား' လို့ ပြင်ထည့်လိုက်တယ်။ အဲဒီတော့
ပုဂံရာဇဝင်လို အကြောင်းလည်း ရေးရော ပြဿနာ တက်တော့တာပဲ။
'ကျန်စစ်သား' ကို ဘယ်လိုမှ 'ကျန်စစ်သား' လို့ ရေးမရဘူး၊ 'ကျန်စစ်သား'
လို့ ရိုက်လိုက်တိုင်း 'ကျန်တပ်မတော်သား'
ချည့် ဖြစ်နေတော့တယ်။ ပုဂံခေတ်က စစ်သည်တော် လေးသိန်းအားနဲ့ညီတဲ့
သူရဲကောင်းလေးယောက် နာမည်လည်း အဲဒီဝက်ဆိုက် ထဲရောက်မှ ညောင်ဦးဖီး၊ ငလုံးလက်ဖယ်၊
ငထွေရူး နဲ့ ကျန်တပ်မတော်သား ဖြစ်ကရော။
နောက်တစ်ခုရှိသေးတယ်...အဲဒီမှာ ရိုင်းမှာစိုးလို့
ပြင်ထားတာဖြစ်ပါတယ်။ 'ဖင်' ဆိုတဲ့
စကားလုံးကို
ရိုက်လို့မရပါဘူး၊'ဖင်' လို့
ရိုက်လိုက်တာနဲ့ Auto correction က 'စအို'
လို့ ပြင်လိုက်ပါတယ်။ “ဒယ်အိုးဖင်ကို
မီးပြင်းတိုက်ပါ”လို့
ချက်နည်းပြုတ်နည်း အခန်းမှာရေးတယ်ဆိုရင် ဒါကို Auto
correction ကပြင်ထည့်လိုက်တယ်။ “ဒယ်အိုးစအိုကို
မီးပြင်းတိုက်ပါ”… တဲ့။
သူ့ချက်နည်းပြုတ်နည်းကို အဟုတ်မှတ်လို့ လိုက်ချက်တဲ့လူတော့
အဲဒီနေရာကျရင် ဘာဆက်လုပ်ရမှန်းကို သိမှာမဟုတ်တော့ဘူး။ နောက်တခါ သိပ္ပံပညာရှင် Stephen
Hawking အကြောင်း ရေးပြန်တော့ လည်း ပြဿနာရှိနေပြန်ရော။ ဘယ်လိုမှ 'စတီဖင်ဟော့ကင်း' လို့ ရိုက်မရဘူး၊ 'စတီစအို ဟော့ကင်း' ချည့် ဖြစ်နေတော့ တယ်။ သြော်…ဒွတ်ခ…ဒွတ်ခ….
နောက်ထပ် စဉ်းစားတွေးတောစရာ အကြောင်းတစ်ခုက ဘာသာစကားကိစ္စပါ။
အခုခေတ် တိုးရစ်ဂိုက်တစ်ချို့ဟာ ဘယ်လိုနည်းနဲ့ဘယ်လို အလုပ်လုပ်ခွင့်ရကြသလဲတော့မသိဘူး။
လိုင်စင်ရသူ ဖြစ်ချင်လည်းဖြစ်မယ်။ ဒါမှမဟုတ် နိုင်ငံခြားသားတွေ့ရင်
အတင်းဝင်လုံးတဲ့ ခွင်ဖန်သူလည်း ဖြစ်ချင်ဖြစ်မယ်။ ကျွန်တော် ဆူးလေဘုရားနားမှာ
ကြုံခဲ့ရတာ တစ်ခုကို ပြောပြပါမယ်။ လူငယ်တစ်ယောက်ဟာ နိုင်ငံခြားသားခရီးသွားအုပ်စုတစ္စုကို
ရှင်သီဝလိကိုယ်တော်အကြောင်း အားကြိုးမာန်တက် ရှင်းပြနေတာတွေ.ရပါတယ်။
အင်္ဂလိပ်လို အထစ်အငေါ့မရှိပြောသွားတာ အံ့သြဖို.တောင် ကောင်းပါတယ်(အလွတ်ကျက်ထား
တာလည်း ဖြစ်နိုင်ပါတယ်။ )။
ဘာပဲဖြစ်ဖြစ် နိုင်ငံခြားသားတွေ နားလည်အောင်ပြောနိုင်တာကိုက
ချီးကျူးဖို့ ကောင်းနေပါပြီ။ စိတ်ဝင်စားလို့ နားထောင်နေတုန်း
သူပြောသွားတဲ့စကားတစ်ခွန်းကို ကြားမိပြီး ပြုံးမိပါတယ်။
ခရီးသွားအုပ်စုထဲကလည်း အံသြတဲ့အာမေဋိတ်သံတွေထွက်လာပါတယ်။ ဘုရားက
ကောင်းကင်မှာ စျာန်နဲ.ကြွတာကို သူက အင်္ဂလိပ်လို
ဘယ်လိုရှင်းပြသွားလည်းဆိုတော့ “ Buddha fly in the sky
without engine” တဲ့။ နည်းပညာခေတ်ထဲ စီးမျောနေတယ်ဆိုပေမယ့်
လူငယ်တွေဟာ ဘာသာစကားကို လေ့လာအားထုတ် ဖို့လည်း လိုအပ်နေပါတယ်။
ကမ္ဘာသုံးဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်စာကိုမှ မကျွမ်းကျင်ရင်
အများနဲ့တန်းတူရင်ဘောင်တန်းနိုင်ဖို့ မလွယ်ပါဘူး။ နောက်ကျကျန်နေမှာ
သေချာလွန်းပါတယ်။ ဒါကြောင့် အိုင်တီခေတ်ရဲ့မောင်မယ်များအားလုံး
စဉ်းစားတွေးတောကြပါ။ စဉ်းစားတွေးတောမှုရဲ့ အခြေခံအဖြစ် စာများများဖတ်ကြပါ။
အင်္ဂလိပ်ဘာသာစကားကိုလည်း နှံ့စပ်ကျွမ်းကျင်အောင်လေ့လာကြပါလို့
တိုက်တွန်းလိုက်ပါရစေ။
Cd---ရဲစတိုင်း
Post a Comment