ကျောက်ကပ်လူနာများတွင် ရှောင်ကြဉ်သင့်သည့် ဆေးဝါးများနှင့်တိုင်းရင်းဆေးများ                
ခန္ဓာကိုယ်အတွင်းရှိ ရေနှင့်သတ္တုဓါတ်များညီမျှအောင် ထိန်းသိမ်းခြင်းနှင့် ခန္ဓာကိုယ်မှ မကောင်းသောအညစ်အကြေးများ စွန့်ထုတ်ခြင်းတို့သည် ကျောက်ကပ်၏ အဓိကလုပ်ငန်း (၂) ခု ဖြစ်ပါသည်။ ကျောက်ကပ်မကောင်းသော လူနာများတွင် ဆေးအဆိပ်သင့်ခြင်း ဖြစ်ပေါ်တတ်ပါသည်။ ထို့ကြောင့် ကျောက်ကပ်လူနာများအနေဖြင့် အအေးမိ၊ ချောင်းဆိုးပျောက်ဆေးများ၊ အကိုက်အခဲပျောက်ဆေးများ၊ ဝမ်းနှုတ်ဆေးများ၊ ဗီတာမင်များ၊ ဖြည့်စွက်စာများစသော ဆေးဆိုင်များတွင် အလွယ်တကူဝယ်၍ရသောဆေးများကို သတိထားသုံးစွဲသင့်ပါသည်။

ထိုသို့ ဝယ်ယူနိုင်သောဆေးများကို ယေဘုယျအားဖြင့် စိတ်ချရသည်ဟု လူနာများက ထင်တတ်ကြပါသည်။ သို့သော် ကျောက်ကပ်လူနာများတွင် အချို့ဆေးဝါးများကို ရှောင်ကြဉ်သင့်ပါသည်။

  • NSAIDs အုပ်စုဝင်များဖြစ်သော အိုင်ဗျူပရိုဖန်၊ မက်ဖီနမစ်အက်ဆစ်၊ နာပရိုစန်၊ ပိုင်ရိုစီကမ်၊ မယ်လိုစီကမ်၊ ဒိုင်ကလိုဖန်းနက်၊ ဆယ်လီကိုဇစ်၊ အီတိုရီကိုဇစ် အစရှိသည်တို့သည် အသုံးများသော အကိုက်အခဲပျောက်ဆေးများ ဖြစ်ကြသည်။ ထိုဆေးများတွင် ကျောက်ကပ်သို့ သွေးစီးဆင်းမှုကို လျော့နည်းအောင်လုပ်သည့် အစွမ်းတစ်ခုပါပြီး ၎င်းသည် ကျောက်ကပ်၏ စွမ်းဆောင်ရည်ကို လျော့ကျစေပါသည်။
  • အက်စ်ပရင် ရေဆူဆေးပြားများ၊ ရေတွင်ပျော်ဝင်နိုင်သော ဗီတာမင်များကဲ့သို့ဆိုဒီယမ်ဆားဓါတ်ပါသည့် ဆေးများသည် ဆားဓါတ်၊ ရေနှင့် သတ္တုဓါတ်များကို ခန္ဓာကိုယ်တွင်း ကြွင်းကျန်နေစေနိုင်သည်။
  • ချောင်းဆိုးပျောက်ဆေးရည်များ တွင် သွေးတွင်းပိုတက်ဆီယမ်ဓါတ်ကို မြင့်စေသော ဆေးဘက်ဝင်ပစ္စည်းများပါဝင် တတ်ပါသည်။ (သွေးတွင်း ပိုတက်စီယမ်ဓါတ်မြင့်ခြင်းက နှလုံးကိုထိခိုက်စေနိုင်ပါသည်။)
  • ဝမ်းနှုတ်ဆေးများ သို့မဟုတ် အလျူမီနီယမ်နှင့် မက်ဂနီစီယမ်ပါသော အစာအိမ်ဆေးများ သည် သွေးထဲတွင် များစွာစုပုံနေပါက ဦးနှောက်နှင့်အာရုံကြောစနစ်ကို ဒုက္ခပေးနိုင်ပါသည်။
  • ဝမ်းနှုတ်ဆေးများ သို့မဟုတ် စအိုထဲထည့်ရသောဆေးတောင့်များ သည် ရေဓါတ်ခမ်းခြောက်စေခြင်းနှင့် သွေးတွင်း ဖော့စဖိတ်ပမာဏကို မြင့်တက်စေပါသည်။
  • အချို့ဖြည့်စွက်စာများ တွင် ပိုတက်စီယမ်နှင့် မက်ဂနီစီယမ်ဓါတ်များပါပြီး ခန္ဓာကိုယ်ထဲတွင် စုပုံလာတတ်ပါသည်။
  • ဆေးဖက်ဝင်အပင်များ - ဥပမာ Isphagula Husk ဟုခေါ်သော ဆေးဖက်ဝင် အပင်တစ်မျိုးပါသည့် ဝမ်းနှုတ်ဆေးသည် သွေးတွင်းပိုတက်စီယမ်ဓါတ်ကို မြင့်တက်စေပါသည်။ ဂင်ဂို ဘီလိုဘာ၊ ဂျင်စင်းနှင့် ကြက်သွန်ဖြူတို့သည် သွေးခဲခြင်းအပေါ် သက်ရောက်မှုရှိပြီး ကျောက်ကပ်ဆေးနေသည့် လူနာများတွင် အသုံးပြုရသည့် သွေးလွှတ်ကြောနှင့်သွေးပြန်ကြောအဆက် သို့မဟုတ် သွေးကြောဆက်အတုနေရာတို့တွင် သွေးယိုစီးမှု ဖြစ်စေတတ်သည်။

ကျောက်ကပ်စွမ်းဆောင်ရည် ကျနေသောလူနာများတွင် မည်သည့် တိုင်ရင်းဆေးအမျိုးအစား/ တရုတ် တိုင်းရင်းဆေးမျိုးကိုမဆို ရှောင်ရှားသင့်ပါသည် (ဥပမာ - ဆေးတောင့်၊ ဆေးရည်)။ ထိုဆေးများကြောင့် သွေးတွင်း ပိုတက်စီယမ်မြင့်တက်စေပြီး နှလုံးနှင့်ကျောက်ကပ်ကို ဒုက္ခပေးနိုင်ပါသည်။

ကျောက်ကပ်လူနာများအတွက်လမ်းညွှန်

· သင်သောက်သုံးနေသောဆေးများအားလုံး (ဗီတာမင်များ၊ ဖြည့်စွက်စာများ၊ တိုင်းရင်းဆေးနှင့် ဆေးဆိုင်မှဝယ်သော ဆေးများအပါအဝင်) ကို သင့်ဆရာဝန်အား အမြဲပြသပါ။

  • အကယ်၍ ဖျားနာခြင်း သို့မဟုတ် နေထိုင်မကောင်းပါက သင်၏ဆရာဝန်နှင့် ပြသပါ။
  • အကယ်၍ သင့်တွင် ပျို့ခြင်းအန်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ ခြေထောက်ဖောရောင်ခြင်း၊ မောခြင်း၊ ကြွက်သားနာခြင်း သို့မဟုတ် ကြွက်တက်ခြင်း၊ ခြေလက်ထုံကျဉ်ခြင်း၊ အရေပြားယားယံခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ ခဏခဏသွားခြင်း၊ ဆီးသွားလျင်နာကျဉ်ခြင်း စသည့်ပုံမမှန်သော လက္ခဏာများဖြစ်ပါက ဆရာဝန်ထံ အမြဲအကြောင်းကြားပါ
  •                          Cd , Original Uploader

Post a Comment

Previous Post Next Post