ကလေးကိုချစ်ရင်
ချိုချဉ်ကျွေး စဉ်းစားပြီးမှပေး…
ကလေးတို့အတွက်
မုန့်ဝယ်မယ်ဆိုရင် သိပ် ချိုလွန်း ငန်လွန်းတာတွေကို မရွေးမိဖို့ လိုပါတယ်။
အဲဒီလို မုန့်မျိုးတွေအစား အမျှင်ဓာတ်ကြွယ်ဝတဲ့အပြင်
မကောင်းတဲ့အဆီဓာတ်တွေလဲမပါဝင်တဲ့ သကြားဓာတ်နည်းတဲ့ ဂျုံပေါင်မုန့်တို့ အသီးအနှံ
(အစို/အခြောက်) တို့ စတာတွေကို ကျွေးသင့်ပါတယ် |
ကလေးနဲ့အချိုဆိုတာကတော့…အချဉ်သီးနဲ့ဆားလို
ဝမ်းဆက် ပါပဲ။ အထူးသဖြင့် ချိုချဉ်တွေ သကြားလုံးတွေလေ.. ချစ်စရာ စားချင်စရာ
အနံ့အရသာလေးကလည်း နှစ်သက်စရာကိုး..။ လူကြီးတွေကလည်း ကလေးအတွက် ဘာဝယ်ရမှန်းမသိရင်
ချိုချဉ်လေး တစ်ထုပ်လောက်တော့ ဝယ်သွားလိုက်တာပဲ။ ချစ်လို့ပဲဖြစ်ဖြစ်၊ ကလေးအပေါ်မှာ
မေတ္တာပြချင်လို့ပဲဖြစ်ဖြစ်၊ ယုတ်စွအဆုံး ပူဆာနေတာကို နားပူလို့ပဲ ဖြစ်ဖြစ်
ချိုချဉ်ပေးထားလိုက်တော့ တဒင်္ဂ နားအေးရောမဟုတ်လား။ ဒါပေမယ့် အဲဒီ ရောင်စုံ
ချစ်စရာ ချိုချဉ်တွေ သကြားလုံးတွေထဲမှာ အဝလွန်ခြင်းတွေ၊ သွားဆွေးမြေ့ပျက်စီးမှုတွေနဲ့
အခြား အရင်တုန်းက သိမထားတဲ့ ကျန်းမာရေးထိခိုက်မှုတွေပါ ပါနေတယ်ဆိုတာကို ဘယ်သူမှ
သတိမမူမိကြပါဘူး။
ချိုချဉ်ဝယ်ရာမှာ
သတိပြုကြဖို့….
အဲဒီတော့
ကလေးနဲ့အချို ခွဲမရတဲ့အတူတူတော့…
ကျွေးလိုက်ကြစို့…။ ဒါပေမယ့်
ချိုချဉ်ဝယ်မယ်ဆိုရင်တော့ ဒါလေးတွေကို သတိပြုစေချင်ပါတယ်။
- တံဆိပ်ကို
သေသေချာချာဖတ်ပါ။ ချိုချဉ်ထုပ်ကို
မဝယ်ခင် အထဲမှာ ဘာတွေပါတယ်၊ အာဟာရတန်ဖိုးတွေ ဘယ်လောက်ရှိတယ် ဆိုတာကို
သေသေချာချာ ဖတ်ကြည့်စေချင်ပါတယ်။ တံဆိပ်တစ်မျိုးနဲ့ တစ်မျိုးကြား သကြားဓာတ်
ပါဝင်မှုနှုန်းကိုလည်း နှိုင်းယှဉ်ကြည့်စေချင် ပါတယ်။ သကြားဓာတ် ၁၂ ဂရမ်အောက်
လျော့နည်းတဲ့ တံဆိပ်ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ အစားအသောက်
ဆိုးဆေးတွေ၊ အခြား အချိုဓာတ်ကို လွန်ကဲအောင် ထည့်ထားတဲ့ဟာတွေနဲ့
လုပ်ထားတာတွေထက်စာရင် သဘာဝပစ္စည်း တွေ ကနေ ထုတ်လုပ်တဲ့ သကြားလုံးဖြစ်ရင်တော့
အကောင်းဆုံးပါပဲ။
- သဘာဝပစ္စည်းများနဲ့ထုတ်လုပ်တဲ့
သကြားလုံးကို ရွေးပါ။ အခြားဓာတုပစ္စည်းတွေနဲ့
လုပ်ထားတဲ့ သကြားလုံးတွေထက်စာရင် အုန်းသီး၊ သကြား၊ နို့၊ ငှက်ပျောသီး၊
အခြားအသီးအနှံ စတဲ့ သဘာဝပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတဲ့
ချိုချဉ်သကြားလုံးကလေးတွေကိုပဲ ကျွေးသင့်ပါတယ်။
- မာတဲ့သကြားလုံးတွေကို
ရှောင်ပါ။ သကြားလုံးမာမာလေးတွေ၊
လိုလီပေါ့တွေ စတဲ့ ဟာလေးတွေ အမျိုးမျိုးရှိပါတယ်။ ထမင်းစားပြီးတဲ့အခါ၊
ဒါမမဟုတ်လည်း တစ်နေ့လုံး ကြိုက်တဲ့အချိန်မှာ ချိုချဉ် စုပ်နေကြတာပါပဲ။
အဲဒီအကျင့်ကတော့ သွားတွေ ဆိုးရွားစွာ ပျက်စီးခြင်း နဲ့
သွေးတွင်းသကြားဓာတ်မြင့်တက်လာခြင်းနဲ့အတူ တံတွေးထဲမှာ အက်ဆစ်ထုတ်တဲ့
ဘက်တီးရီးယားတွေ ပိုများလာ တာကို တွေ့ရပြီး ဒါဟာ သွားတွေ
ဆွေးမြေ့ပျက်စီးတဲ့ဘက်ကို ဦးတည်နေပါတယ်။
- ကပ်စေးနဲတွေကို
ရှောင်ပါ။ ကပ်စေးနဲတွေက
သွားကြားညှပ်တယ်။ ပြီးတော့ သွားတိုက်တဲ့အခါ သွားကြားထဲကဟာတွေကို ဖယ်ထုတ်ဖို့
ခက်ပါတယ်။ အဲဒီတော့ သွားပိုးစားဖို့ ပိုလွယ်ပါတယ်။
- အကန့်အသတ်နဲ့ကျွေးပါ။ အဲဒီတော့ သကြားဓာတ်နည်းပြီး
သဘာဝပစ္စည်းတွေကနေထုတ်လုပ်တဲ့ သကြားလုံးအမျိုးအစားကိုပဲ ရွေးလိုက်ပြီ
ဆိုပါတော့။ ချိုတာကတော့ ချိုနေသေးတာပါပဲ။ ဒါကြောင့် အချိုစားတာမလွန်အောင်
အကန့်အသတ်နဲ့ပဲ ကျွေးသင့်ပါတယ်။ ဒီအတိုင်း ချကျွေးထားတာထက်စာရင် တစ်နေ့
တစ်လုံး / ၂ လုံး နှုန်းတို့၊ ထူးခြားတဲ့နေ့မျိုးမှ တို့၊ တစ်ခုခုအတွက်
ဆုချတဲ့အခါမျိုးတို့ စ တဲ့ အချိန်တွေကျမှ ကျွေးတာမျိုးလို
ကန့်သတ်ထားစေချင်ပါတယ်။
- သွားတိုက်ပါ။ အချိုစားပြီးတိုင်း၊
အစာစားပြီးတိုင်း သွားတိုက်တတ်တဲ့ အကျင့်ကလေးကို ကလေးတွေမှာ
ကျင့်ထားပေးစေလိုပါတယ်။ ဒါမှ သွားကြားမှာကပ်နေတဲ့ သကြားနဲ့ အချိုဓာတ်တွေကို
နည်းသွားအောင်လုပ်ပေးနိုင်မှာဖြစ်ပြီး သွားပိုးစားခြင်းကို ကာကွယ်ပေးနိုင်မှာ
ဖြစ်ပါတယ်။
ချိုချဉ်သကြားလုံးများ
နှင့် ကလေးများတွင် ဖြစ်လာနိုင်သော အန္တရာယ်များ
သွားပိုးစားခြင်း
ထိုင်းသွားဘက်ဆိုင်ရာကျန်းမာရေးဌာနရဲ့
စာရင်းဇယားများအရ ကလေး/လူကြီး ၇၀% ဟာ သွားပိုးစားတဲ့ ဝေဒနာကို ခံစားနေကြရတယ်လို့
ဆိုပါတယ်။ ဒါဟာ သွားကျိုးခြင်းကိုအဓိက ဖြစ်စေအကြောင်းရင်းပဲ ဖြစ်ပါတယ်။ စားသောက်မှုပုံစံပြောင်းလဲခြင်း၊
အထူးသဖြင့် သရေစာမုန့်များ ပိုမိုစားသုံးခြင်းဟာလည်း သွား ပျက်စီးစေတဲ့ အခြား
အကြောင်းတစ်ရပ် ဖြစ်ပါတယ်။ သရေစာမုန့်တွေဟာ သကြားကို လိုတာထက်အများကြီး ပိုထည့်လေ့
ရှိကြပါတယ်။ ချိုချဉ်သကြားလုံးနဲ့ သကြားဓာတ်များတဲ့အစားအစာတွေမှာပါတဲ့ မြင့်မားတဲ့သကြားဓာတ်ဟာ မှန်ဘီလူးနဲ့ကြည့်မှသာမြင်နိုင်တဲ့
ပိုးမွှားလေးတွေ ပေါက်ပွားပြီး ၎င်းမှတစ်ဆင့်
အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်း အဖြစ်ကို ပြောင်းလဲသွားပြီးတဲ့နောက်
သွားတွေကို ဒုက္ခ ပေးတော့တာပါပဲ။
အဝလွန်ခြင်း
သွားတွေ
ပျက်စီးတာအပြင် အချိုကို မကြာခဏ အလွန်အကျွံစားသုံးခြင်းဟာ ကလေး အဝလွန်ခြင်းကိုလည်း
ဖြစ်လာ စေပါတယ်။ အထူးသဖြင့် ပတ်ဝန်းကျင်က တခြားကလေးတွေလောက် မဆော့ဘဲ ငြိမ်နေတတ်တဲ့
ကလေးတွေမှာ အဖြစ်များပါတယ်။
အာဟာရချို့တဲ့ခြင်း
ဆေးဘက်ဆိုင်ရာ
လေ့လာမှုများအရ သကြားကို လိုတာထက်ပိုစားသုံးခြင်း၊ အထူးသဖြင့် ထမင်းမစားခင်
သကြာလုံး စားခြင်းဟာ သွေးတွင်းသကြားဓာတ်ကို ယာယီမြင့်တက်စေတဲ့အတွက် ဗိုက်မဆာတော့ဘဲ
ထမင်း ကောင်းကောင်းမစား နိုင် ဖြစ်ရပါတယ်။ ပိုးစားထားလို့ သွားတွေ ပျက်စီးပြီး
နောက်ဆုံးမှာ အစာကို ကောင်းကောင်းဝါးနိုင်ဖို့ ခက်ခဲစေတာ ကြောင့် သွားတွေ
ယိုယွင်းပျက်စီးတာဟာလည်း အာဟာရချို့တဲ့ခြင်းရဲ့ အကြောင်းတစ်ခုဖြစ်ပါတယ်။
ကလေးတွေ
သကြားလုံးစားတာကို ဘယ်နည်းလမ်းတွေနဲ့ လျှော့ချကြမလဲ။
- အိမ်မျာ
ချိုချဉ်သကြားလုံးကို အထုပ်လိုက် ဘူးလိုက် မထားပါနဲ့။
- သကြားဓာတ်နဲ့
အငန်ဓာတ် လျော့နည်းပြီး မကောင်းတဲ့ အဆီဓာတ်တွေလဲမပါတဲ့အပြင် အမျှင်ဓာတ်တို့
အခြား သဘာဝအာဟာရဓာတ်တွေ ပါဝင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သကြားမပါတဲ့
ဂျုံခရက်ကာတို့ ဘာတို့
စတဲ့ မုန့်တွေကိုသာ ရွေးချယ်ကျွေးမွေးပါ။
- သရေစာစားဖို့အတွက်
အသီးအနှံ (အစို/အခြောက်) တွေ ဝယ်ထားပါ။
အချုပ်အားဖြင့်ဆိုရရင်တော့..ဖေဖေမေမေတွေ
ဦးလေးတွေ အဒေါ်တွေအနေနဲ့ ကလေးတွေကို မုန့်ဝယ်ကျွေးတော့မယ် ဆိုရင် တကယ်ကို
အာဟာရဖြစ်ပြီး ကျန်းမာရေးကိုအထောက်အကူပြုမယ့် အပြင် သွားပိုးစားခြင်းစတဲ့
အန္တရာယ်တွေ ကနေ လွတ်ကင်းမယ့် မုန့်မျိုးကိုသာ ဂရုတစိုက် ရွေးချယ်
ဝယ်ယူကျွေးမွေးကြပါလို့ အကြံပြု ရေးသားလိုက်ရပါတယ်။
Cd- Patcharin
Amornvipas, M.D.
إرسال تعليق