အောင်မြင်သူတစ်ယောက် ဖြစ်ဖို့အတွက်


အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်ဖို့ ဒါတွေလုပ်ပါ။
================================

သင်ဟာ အောင်မြင်မှုကို လိုလားနေတဲ့သူလား။ အောင်မြင်မှုရဖို့အတွက်ကြိုးစားနေတဲ့သူလား။ ကြိုးစားနေရဲ့သားနဲ့ အောင်မြင်မှုပန်းတိုင်းနဲ့ အလှမ်းဝေးနေသေးလား။ ဒါဆိုရင်တော့ ဒီအချက်လေးတွေကို ဖတ်ကြည့်လိုက်ပါ။ တစ်ဖက်တစ်လှမ်းက အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။

1)သက်တောင့်သက်သာနေတာတွေရပ်ပါ။
အောင်မြင်မှုကို လိုချင်တဲ့ လူတစ်ယောက်ဟာ သက်တောင့်သက်သာနေလို့ မရပါဘူး။ အလုပ်လုပ်ရပါမယ်။ အိပ်ယာက မထ facebook သုံးမပြတ် ဖုန်းပွတ် မပြတ်ပဲ ဘယ်လောက်ပဲ အောင်မြင်မှုလိုချင်ပါတယ် အိပ်မက်တွေ အကောင်အထည်ပေါ်ချင်ပါတယ် အော်နေနေ အောင်မြင်မှုက သင့်ဆီရောက်လာမှာ မဟုတ်ပါဘူး။ ဒီတော့ အောင်မြင်မှုအတွက် အလုပ်လုပ်ဖို့ အချိန်ဖြုန်းနေတာတွေ၊ ကိုယ့်ကိုယ်ကို ညှာနေတာတွေ၊ သက်တောင့်သက်သာနေတာတွေ ရပ်လိုက်ပါ။ အိပ်မက်တွေ ရုပ်လုံးကြွလာဖို့ တူနဲ့ဆောက် ကိုင်ပြီး သင့်အိပ်မက်တွေကို အလှပဆုံး ထုဆစ်လိုက်ပါ။

2)ဝါသနာ အရင်းခံပါစေ။
သင် စိတ်မပါတဲ့ အလုပ်တွေ၊ ဝါသနာမပါတဲ့ အရာတွေကို လုပ်ဆောင်နေရတယ်ဆိုရင်တော့ သင် ဘယ်လိုမှ အောင်မြင်မှု ရနိုင်မှာမဟုတ်ပါဘူး။ ရေလိုက်ငါးလိုက်နဲ့ပဲ ဘဝဆုံးသွားပါလိမ့်မယ်။ ဒီတော့ ဖြစ်နိုင်ရင် ဝါသနာမပါတဲ့ အလုပ်တွေကို ရပ်တန်းရပ်ပစ်လိုက်ပါ။ အလုပ်ထွက်စရာရှိထွက်လိုက်ပါ။ ကိုယ့်အတွက် အဆင်မပြေဘူးဆိုရင်တော့ တစ်နေ့ကို အချိန်လေးတစ်ခုပေးပြီး သင်ဝါသနာပါတာလေးတွေကိုကြိုးစားလုပ်ပါ။ ပြီးမှ တဖြည်းဖြည်းချင်း ဝါသနာပါတဲ့ လမ်းဘက်ကို ကူးပြောင်းလျှောက်လှမ်းပါ။ ကိုယ်က ဝါသနာပါနေတာ ဖြစ်တဲ့အတွက် အလုပ်လုပ်ရတာပျော်လာပြီး ကြိုးစားလုပ်ကိုင်တဲ့အတွက် အောင်မြင်မှု ရလွယ်ပါတယ်။

3)ဆုံးဖြတ်ချက်၊ ရည်မှန်းချက် ခိုင်မာပါစေ။
အလုပ်တစ်ခုမလုပ်ခင် စဉ်းစားပါ။ သေချာ လစ်ကွက်ဟာကွက်မရှိအောင် စီမံပါ။ စဉ်းစားပြီးရင်တော့ ဆုံးဖြတ်ချက်တစ်ခုချမှတ်ကာ လုံးဝနောက်မဆုတ်တန်း လက်တွေ့အကောင်အထည်ဖော်ပါ။ ဘယ်လောက်ပဲ အခက်အခဲတွေ့တွေ့၊ ပတ်ဝန်းကျင်က ဘာတွေပဲပြောနေပါစေ သင့်ရည်မှန်းချက်ပန်းတိုင်တစ်ခုကိုပဲ အာရုံစိုက်ပြီး ကြိုးစားပါ။ ရည်မှန်းချက်တွေ အများကြီးမထားပါနဲ့။ သင့်ကိုသင် superman လို့မထင်ပါနဲ့။ တစ်လမ်းဆို၊ တစ်လမ်းပဲ ဖြောင့်အောင်လျှောက်ပါ။ ရည်မှန်းချက်တွေများပြီး ယောင်ခြောက်ဆယ်ဖြစ်တာတွေ၊ ဇဝေဇဝါ တွေဝေနေတာတွေက သင့်ကို အောင်မြင်မှုဆီကနေ လမ်းချော်သွားစေနိုင်ပါတယ်။

4)မိတ်ဆွေ၊ သူငယ်ချင်းကောင်း၊ ပတ်ဝန်းကျင်ကောင်းတစ်ခုတည်ဆောက်ထားပါ။
သင်တစ်ယောက်တည်း တစ်ကောက်ကြွက် အလုပ်ချည်းလုပ်မနေပါနဲ့။ မိတ်ဆွေသူငယ်ချင်းကောင်း များများထားပါ။ သူတို့ဆီကနေ သင့်အတွက် အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ရနိုင်ပါတယ်။ ရည်မှန်းချက်တူတဲ့ သူအချင်းချင်းဆို ပိုလို့တောင် ကောင်းပါသေးတယ်။ တစ်ယောက်တည်းဖြစ်တဲ့အခါ ယောင်လည်လည်နဲ့ စိတ်ဓာတ်ကျတာမျိုးဖြစ်ပြီး အလုပ် လုပ်ချင်စိတ်မရှိတာမျိုးတွေ ဖြစ်တတ်ပါတယ်။ လေ့လာစရာရှိတာ လုပ်စရာရှိတာတွေကို သင့်သူငယ်ချင်းတွေနဲ့ အတူတကွပူးပေါင်းလုပ်ဆောင်ခြင်းက အောင်မြင်မှုကို ပိုမို ရောက်လွယ်ပါတယ်။

5)ဇွဲ၊ လုံ့လ၊ ဝီရိယ သုံးခုလုံးနဲ့ ကြိုးစားပါ။
အလုပ်တစ်ခုလုပ်လိုက် အခက်အခဲတွေ့လို့ လက်မြှောက်အရှုံးပေးလိုက် နောက်တစ်ခုကို စမ်းတဝါးဝါးလုပ်လိုက်ဆိုရင်တော့ သင် ဘယ်နေရာမှာမှ အောင်မြင်မှုရမှာမဟုတ်ပါဘုး။ ပိုမိုထူးခြားတဲ့ အောင်မြင်မှုလိုချင်တဲ့သူဟာ တခြားသူထက် ထူးခြားပြီးပိုမို လုံ့လ စိုက်ထုတ်ဖို့်လိုပါတယ်။ သူများအပျော်အပါးလိုက်စားနေချိန်မှာ ကိုယ်က အလုပ်လုပ်နေရပါမယ်။ ဇွဲ၊ လုံ့လ၊ ဝီရိယ သုံးခုလုံး ညီတူညီမျှ သုံးစွဲပါမှ အောင်မြင်မှု ပန်းတိုင်ကို လှမ်းကိုင်နိုင်မှာ ဖြစ်ပါတယ်။

6)စာဖတ်ပါ။
စာပေတွေက သင့်ကို ခရီးသွားစရာမလိုပဲ ဒေသန္တာရဗဟုသုတတွေပေးနိုင်တယ်။ ဘဝအမှားတွေ ကိုယ်တိုင်ကြုံတွေ့စရာမလိုပဲ သင်ခန်းစာတွေပေးနိုင်တယ်။ အသိပညာဗဟုသုတတွေ အများကြီးရနိုင်တယ်။ ကိုယ့်ထက်ရင့်ကျက်တဲ့ လူတွေဆီက ဘဝအတွေ့အကြုံတွေကို ခံစားနိုင်တယ်။ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု စတဲ့ ရသမျိုးစုံကိုလည်း ရနိုင်တယ်။ စာအုပ်တွေက သင့်အောင်မြင်မှုပန်းတိုင်ဆီ ရောက်ဖို့အတွက် တစ်နည်းနည်းနဲ့ အထောက်အကူပြုမှာပါ။

7)ကျန်းမာရေး ဂရုစိုက်ပါ။
"
အာရောဂျံပရံမံလာဘံ" ဆိုတဲ့ အတိုင်း ကျန်းမာရေးကောင်းမှ သင်ဝါသနာပါတဲ့အလုပ်တွေကို စိတ်ရောကိုယ်ပါ တက်တက်ကြွကြွနဲ့ လုပ်ရင်း အောင်မြင်မှုကို ရယူနိုင်မှာဖြစ်ပါတယ်။ စိတ်ရော ကိုယ်ပါ ကျန်းမာဖို့အရေးကြီးပါတယ်။ အောင်မြင်ချင်ဇောနဲ့ တအားကြီး အလုပ်တွေဖိလုပ်နေရင်လည်း ခန္ဓာရော စိတ်ဟာ အနားမရတဲ့အတွက် ဘိုင်ခနဲ လဲသွားနိုင်ပါတယ်။ ကျန်းမာရေး မကောင်းတဲ့အတွက် သင့်အောင်မြင်မှုလမ်းကို ဆက်လျှောက်ဖို့ ခဲယဉ်းသွားပါလိမ့်မယ်။ ဒီတော့ အလုပ်လည်းလုပ်ရင်း ကျန်းမာရေးကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။

8)အထက်ကိုလည်း မကြည့်နဲ့ အောက်ကိုလည်း မကြည့်နဲ့ သင့်ကိုယ်သင်ပဲကြည့်ပါ။
သင်ကြိုးစားနေတဲ့အချိန်မှာ သင့်ထက်အောင်မြင်နေတဲ့ သူတွေကို သွားမကြည့်မိပါစေနဲ့။ သူတို့နဲ့ ကိုယ့်ကိုယ်ကို နှိုင်းယှဉ်းမိပြီး သိမ်ငယ်စိတ်ဝင်သွားနိုင်ပါတယ်။ သိမ်ငယ်စိတ်ဝင်သွားရင် စိတ်ဓာတ်ကျပြီး မလုပ်ချင် မကိုင်ချင်တဲ့ စိတ်တွေပါ ရောက်လာနိုင်ပါတယ်။ ဒီနေရာမှာ role model ထားတာ အားကျတဲ့ လူရှိတာနဲ့ ကွဲပြားပါတယ်။ ကျွန်တော်ပြောချင်တာက နှိုင်းယှဉ်းမိတာ။ "သူ့ကိုတော့ ငါတော့ လိုက်မမီနိုင်တော့ပါဘူးကွာ" ဆိုတဲ့ စိတ်မျိုးကို ပြောချင်တာပါ။ ဒီလိုပါပဲ ကိုယ်ထက် နိမ့်ကျတဲ့လူတွေနဲ့လည်း သွားမနှိုင်းယှဉ်မိပါစေနဲ့။ "ငါတော့ ဆရာကြီးဖြစ်နေပါပြီ တော်ပြီပေါ့ ဒီလောက်ဆို" ဒီလို ရောင့်ရဲတင်းတိမ်တဲ့ စိတ်တွေ ဝင်သွားနိုင်ပါတယ်။ ဒီတော့ အကောင်းဆုံးက ကိုယ့်ကိုယ်ကိုပဲ ကြည့်ပါ။ ဒီနေ့ သင်နဲ့ မနက်ဖြန် သင် မတူအောင် ပိုပြီး ကောင်းအောင် နေနိုင်ဖို့ ကြိုးစားပါ။ သင့်ကိုယ်သင်ပဲ ယှဉ်ပြိုင်ပါ။

Credit to original writer
please share and tag your friend


Post a Comment

Previous Post Next Post