ကြွက်တက်ခြင်း ရောဂါ သိမှတ်ဖွယ်ရာ
လူသားများ၏ခန္ဓာကိုယ်ကို ကြွက်သားများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသဖြင့် လူသားတိုင်းသည် ကြွက်သားနာခြင်း၊ ကြွက်တက်ခြင်းတို့ကို ခံစားဖူးကြသည်။ ကြွက်တက်ခြင်းကြောင့် ပြင်းထန်သော နာကျင်မှုကို ခံစားကြရသဖြင့် ကြွက်မတက်လိုကြသော်လည်း လှုပ်ရှားမှုနည်းသောသူများပင်လျှင် ကြွက်တက်နိုင်ကြပေသည်။
ကြွက်တက်ခြင်းဟူသည်
ကြွက်တက်ခြင်းသည် ခန္ဓာကိုယ်အတွင်းရှိ ကြွက်သားများဆန့်ထွက်ချိန် သို့မဟုတ် စုတ်ပြဲချိန်တွင်ဖြစ်ပွားလေ့ရှိကာ လေ့ကျင့်ခန်းပြင်းထန်စွာပြုလုပ်ချိန်၊ ကြွက်သားကို အလွန်အကျွံအသုံးပြုချိန်၊ ကြွက်သား အနေအထားပုံမှန်မဟုတ်ချိန်များတွင် ဖြစ်ပွားနိုင်သည်။ ခန္ဓာကိုယ်ရှိ မည်သည့်နေရာတွင် မဆိုကြွက်တက်ခြင်းဖြစ်နိုင်၍ ကျောအောက်ပိုင်း၊ လည်တိုင်၊ ပခုံး၊ တံကောက်ကြောနှင့် ပေါင်အတွင်းပိုင်းတို့တွင် အများဆုံးဖြစ်ပွားလေ့ရှိကာ ခြေသလုံးကြွက်တက်ခြင်းသည် အနာကျင်ဆုံးဖြစ်သည်။ ကြွက်တက်ခြင်းသည် နာကျင်စေရုံသာမက ကောင်းစွာ မလှုပ်ရှားနိုင်မှုပါ ဖြစ်စေသည်။အနည်းငယ်ကြွက်တက်ခြင်းကို မိမိအိမ်မှာပင် ရေခဲ သို့မဟုတ် အပူ သို့မဟုတ် အပှုမလောင်သည့် ဆေးများဖြင့် သက်သာပျောက်ကင်းစေနိုင်သော်လည်း ပြင်းထန်သော ကြွက်တက်ခြင်းများသည် ဆေးကုသမှု ခံယူရန် လိုအပ်မည် ဖြစ်သည်။
ကြွက်တက်ခြင်း၏ အဓိကအကြောင်းသည် ရုတ်တရက် ကြွက်သားစုတ်ပြဲခြင်းကြောင့်ဖြစ်ပြီး တစ်ခါတစ်ရံတွင် ကိုယ်ကာယနာကျင်ရုံသာမက စိတ်ပိုင်းဆိုင်ရာထိ ခိုက်မှုများပင် ဖြစ်ပေါ်စေနိုင်သည်။ ကာယလှုပ်ရှားမှုတစ်ခုမပြုလုပ်မီ လုံလောက်သော သွေးပူလေ့ကျင့်ခန်းမလုပ်ခြင်း၊ အကွေးအဆန့်နည်းပါးခြင်း၊ အားစိုက်မှု ပြင်းထန်ကြီးမားခြင်း နှင့် အလွန်ပင်ပန်းနွမ်းနယ်ခြင်းတို့သည်လည်း ကြွက်တက်စေသည် အကြောင်းများဖြစ်ကြပေသည်။
ကြွက်သားများသည် ရာသီဥတုအေးချိန်တွင် သာမန်ထက်ပို၍ တင်းကျပ်နေလေ့ရှိသဖြင့် ကြွက်တက်ခြင်းသည် ရာသီဥတုအေးချိန်တွင် ဖြစ်နိုင်ခြေပိုမိုများပြားသည်။ ထိုကြောင့် အပူချိန်နိမ့်နေချိန်တွင် သွေးပူလေ့ကျင့်ခန်းကို အချိန်ကြာကြာပြုလုပ်သင့်သည်။
ထို့အတူခန္ဓာကိုယ်ကို မရပ်မနားလှုပ်ရှားသူများသည် ကြွက်တက်ရန်အခြေအနေများပြားသည်။ ထို့ကြောင့် လှေလှော်ခြင်း၊ တင်နစ်ကစားခြင်း၊ ဘေ့စ်ဘောကစားခြင်းစသည့် လှုပ်ရှားမှုအလွန်များပြားသည့် အားကစားသမားများသည် ကိုယ်ခန္ဓာကိုယ်ကို အဆက်မပြတ်လှုပ်ရှားကြရသဖြင့် အခြားသူများထက်ပိုမိုကြွက်တက်လေ့ရှိသည်။
စားပွဲတွင်ထိုင်၍ အလုပ်လုပ်သူများသည် ခန္ဓာကိုယ်ကို ပုံမှန်အနေအထားမဟုတ်ဘဲ ကြာမြင့်စွာထိုင်ပါက သို့မဟုတ် ထိုင်နေပုံအချိုးမကျပါက ကြွက်တက်ခြင်းကို ခံစားရနိုင်သည်။
ကြွက်တက်ခြင်း၏လက္ခဏာများ
လူတစ်ယောက် ကြွက်တက်ပြီဆိုလျှင် ရုတ်တရက်နာကျင်ခြင်း၊ လွတ်လပ်စွာ လှုပ်ရှားမရတော့ခြင်း၊ ပွန်းပဲ့မှုဖြစ်ပါက အရေပြားအရောင်ပြောင်းသွားခြင်း၊ ဖူးရောင်လာခြင်း၊ အကြောထုံးသကဲ့သို့ ခံစားရခြင်း၊ အကြောဆွဲသကဲ့သို့ ဆန့်ငင် ဆန့်ငင်ဖြစ်ခြင်း၊ ကြွက်သားများတင်းကျပ်လာခြင်း၊ အားလျော့လာခြင်းစသည်တို့ကို ခံစားကြရလေသည်။
သာမန်ကြွက်တက်ခြင်းတွင် စုတ်ပြဲသည့် ကြွက်သားအနည်းငယ်က တောင့်တင်းလာသဖြင့် ကွေးခြင်းဆန့်ခြင်းဖြင့် သက်သာစေနိုင်သည်။ ပြင်းထန်စွာ ကြွက်တက်ခြင်းတွင် ကြွက်သားစုတ်ပြဲမှု ကြီးမားသဖြင့် နာကျင်မှုကြီးမားကာ ကိုယ်လက်လှုပ်ရှားမှုကို စိတ်တိုင်းကျ မပြုလုပ်နိုင်တော့ချေ။ ကြွက်တက်ခြင်းသည် ရက်အနည်းငယ်အတွင်း သက်သာပျောက်ကင်းသော်လည်း အလွန်ပြင်းထန်စွာ ကြွက်တက်ပါက ရက်ကြာရှည်စွာ ကုသရနိုင်သည်။
အရေးပေါ်သက်သာစေနည်းများ
ကြွက်တက်ချိန်တွင် ကြွက်သားကို နှိပ်နယ်ခြင်းသည် မှားယွင်းသော လုပ်ရပ်ဖြစ်သည်။ ထို့ကြောင့် ကြွက်တက်သည်နှင့် ခန္ဓာကိုယ်လှုပ်ရှားမှုများကို ရပ်တန့်ကာ ခြေထောက်ကို ဖြေလျှော့ထားရပေမည်။ ခြေထောက်ဖြင့် နံရံတစ်ခုခုကို ကန်ထားခြင်းဖြင့်လည်း အချိန်အနည်းငယ်အတွင်း သက်သာစေနိုင်သည်။
ထိုင်နေစဉ် ကြွက်တက်ပါက ကြွက်မတက်သည့် ခြေထောက်ကို ရှေ့သို့ဆန့်ထုတ်၍ ကြွက်တက်နေသည့် ခြေထောက်ကို ဒူးကွေး၍ ရင်ဘတ်သို့ ကပ်ထားခြင်းဖြင့် ကြွက်သားများ ပြေလျော့သွားစေမည်ဖြစ်သည်။ ထိုအချိန်တွင် ကြွက်တက်နေသည့် ခြေထောက်၏ ခြေဖနောင့်ကို ကြမ်းတွင်ထောက်ထား၍ ခြေချောင်းများကို ကော့ထားရမည်ဖြစ်သည်။
အချိန်ရ၍ အလွယ်တကူရရှိနိုင်ပါက ဓာတ်ဆားရည်ကို သောက်နိုင်သကဲ့သို့ ကြွက်သားပေါ်သို့ ရေနွေးအိတ်ဖြင့်ဖိကပ်ပေးနိုင်သည်။ သို့မဟုတ် ရေနွေးထည့်ထားသည့်ပုလင်းကို ကြွက်သားပေါ်တွင် အသာအယာလှိမ့်ပေးနိုင်သည်။ ခြေသလုံးကြွက်တက်နေစဉ် ကြွက်သားကို မနှိပ်နယ်သင့်ဘဲ ဒူးအပေါ်ပိုင်းကို ဖိနှိပ်ပေးနိုင်သည်။
Credit : မောင်သာ (ရှေးဟောင်းသုတေသန)
إرسال تعليق