ဆေးလိပ်သောက်ခြင်းနှင့် နာတာရှည်ကျောက်ကပ်ရောဂါ


ဆေးလိပ်သောက်ခြင်းသည် ခန္ဓာကိုယ်ထဲသို့ အဆိပ်အတောက်များစွာဝင်စေနိုင်ပြီး ခန္ဓာကိုယ်၏အင်္ဂါအစိတ်အပိုင်း အားလုံးနီးပါးကို ဒုက္ခပေးပါသည်။ ဆေးလိပ်သောက်ခြင်းကြောင့် သွေးကြောများတွင် ပြောင်းလဲမှုဖြစ်ပေါ်လာခြင်း၊ သွေးလွှတ်ကြောပိတ်ခြင်း (သွေးကြောနံရံထူလာခြင်းနှင့် မာလာခြင်း) မှတစ်ဆင့် နှလုံးရောဂါနှင့် လေဖြတ်ခြင်းများ၊ အဆုတ်လေပြွန်ရောင်ခြင်းနှင့် အဆုတ်ကင်ဆာတို့ဖြစ်နိုင်ပါသည်။

ဆေးလိပ်ကြောင့် ကျောက်ကပ်အန္တရာယ်ဖြစ်သည်ဟုယူဆသော ဖြစ်နိုင်သည့်အကြောင်းရင်း အချို့မှာ -

  • သွေးပေါင်ချိန်တက်လာခြင်းနှင့် နှလုံးခုန်နှုန်းမြန်လာခြင်း
  • ကျောက်ကပ်သို့ သွေးစီးဆင်းမှုလျော့နည်းလာခြင်း
  • ကျောက်ကပ်သွေးကြောများ ကျဉ်းလာခြင်း
  • သွေးလွှတ်ကြောငယ်လေးများ ထိခိုက်ပျက်စီးခြင်း
  • ကျောက်ကပ်သွေးလွှတ်ကြောများပိတ်ခြင်း (သွေးကြောနံရံများထူလာခြင်းနှင့် မာလာခြင်း)

ဆေးလိပ်သောက်သောလူနာများတွင် CKD ၏အန္တရာယ်ပို၍ပင်များပါသည်။ သောက်သောဆေးလိပ်အရေအတွက် များလာလေလေ နောက်ဆုံးအဆင့် ကျောက်ကပ်ရောဂါဖြစ်နှုန်း ပိုများလာလေလေဖြစ်သည်။ ဆေးလိပ်သောက်ခြင်းက သွေးပေါင်တက်စေပြီး ဆီးထဲတွင် ပရိုတင်းပါဝင်မှုများသည့်အန္တရာယ်လည်း ပိုဖြစ်စေသည်။ ဆိုလိုသည်မှာ ကျောက်ကပ်စွမ်းဆောင်ရည် ကျဆင်းနေခြင်းဖြစ်သည်။ ဆေးလိပ်သောက်ခြင်းကြောင့် အခြားကျောက်ကပ်ရောဂါ အမျိုးအစားများကိုလည်း လျှင်မြန်စွာဖြစ်စေနိုင်ပါသည်။ ဆီးချိုရောဂါအပေါ်တွင်လည်း ဆေးလိပ်၏ဆိုးကျိုးများကို တွေ့ရသည်။ ဆေးလိပ်သောက်သော ဆီးချိုလူနာများတွင် ကျောက်ကပ်ရောဂါဖြစ်ရန် အခွင့်အလမ်းအလွန်များပါသည်။ ကျောက်ကပ်ရောဂါရှိသော ဆီးချိုသမားများသည် ဆေးလိပ်သောက်ပါက ဆေးလိပ်မသောက်သော သို့မဟုတ် ဆေးလိပ်ဖြတ်ထားသော ဆီးချိုသမားများထက် ကျောက်ကပ်စွမ်းဆောင်ရည် ပိုမိုလျင်မြန်စွာကျဆင်းနိုင်ပါသည်။ ထို့အပြင် ဆေးလိပ်ကြောင့် သွေးပိုတိုးပြီး နှလုံးရောဂါအန္တရာယ်ပိုများပါသည်။ ဤရောဂါနှစ်ခုသည် ကျောက်ကပ်နှင့် တွဲဖြစ်တတ်သည်။ ဆေးလိပ်ဖြတ်ခြင်းသည် ကျောက်ကပ်စွမ်းဆောင်ရည်ကို ထိန်းသိမ်းထားနိုင်ရန် ကူညီပေးနိုင်သော မိမိလုပ်နိုင်သည့် အရေးကြီးသည့် အချက်တစ်ချက်ဖြစ်ပါသည်။

 

 

ဆေးလိပ်ဖြတ်နည်းလမ်းများ

သောက်သည့်ဆေးလိပ်အရေအတွက်ပေါ်မူတည်ပြီး နောက်ဆုံးအဆင့် ကျောက်ကပ်ရောဂါဖြစ်မည့်အန္တရာယ်ကို များစေသဖြင့် ဆေးလိပ်လျှော့သောက်ခြင်းက ကောင်းပါသည်။ တကယ်တမ်းဆိုလျှင် ဆေးလိပ်ဖြတ်လိုက်ခြင်းက အကောင်းဆုံးဖြစ်ပါသည်။ နီကိုတင်းအားစွဲလမ်းခြင်း၊ အာသီသနှင့်ဆွဲဆောင်မှုတို့ကြောင့် ဖြတ်ရခက်နေပါက ဆေးလိပ်ဖြတ်ခြင်း အောင်မြင်ရေးအတွက် အကူအညီပေးရန် အဆင့်များရှိပါသည်။ တစ်ခါတစ်ရံ လုံးဝရပ်ပစ်ရန် အကြိမ်ရေအနည်းငယ် ကြိုးစားရသော်လည်း ကြိုးစားရကျိုးနပ်ပါသည်။
 

  • ပီကေ၊ ဆေးဝါးစသော နီကိုတင်းအစားထိုးကုထုံးများအကြောင်း ဆရာဝန်နှင့်ဆွေးနွေးပါ။
  • ဆေးလိပ်ဖြတ်ရန်ရက်ကို မိမိကိုယ်တိုင် သတ်မှတ်ပြီး ဆေးလိပ်နှင့်ပတ်သက်သောပစ္စည်းများအားလုံးကို စွန့်ပစ်ပါ။
  • ဆေးလိပ်အားစွဲလမ်းစေခြင်းမှကျော်လွှားနိုင်ရန် သင့်အားကူညီပေးနိုင်သော ပီကေဝါးခြင်း၊ သကြားလုံးစားခြင်း၊ အသက်ပြင်းပြင်းရှုခြင်း၊ တရားထိုင်ခြင်းနှင့် စိတ်ဖိစီးမှုလျော့ကျစေသော အလုပ်တခုခုကိုလုပ်နေခြင်းစသော နည်းလမ်းများစဉ်းစားထားပါ။
  • ဆေးလိပ်ဖြတ်ခြင်း အစီအစဉ်တွင်ပါဝင်ပါ။
  • လုံးဝပြတ်သည်အထိ ဆက်ကြိုးစားပါ။
  • နာတာရှည်လူနာအများစုသည် လေ့ကျင့်ခန်းလုပ်ရန် အလွန်အားနည်းနေသည် သို့မဟုတ် မလုပ်နိုင်ဟု မိမိကိ်ုယ်မိမိ ထင်ကြသည်။ ထိုသို့ထင်နေပြီး လေ့ကျင့်ခန်းကို မရှောင်ရပါ။ လေ့ကျင့်ခန်းသည် သင်၏ခန္ဓာကိုယ်အတွက် လိုအပ်သောအရာတစ်ခု ဖြစ်ပါသည်။ သင်သည် မလှုပ်မရှားနေသည့်အခါ ကြွက်သားများနှင့် နှလုံးတို့အားနည်းလာပြီး အရိုးဆစ်များ တောင့်တင်းနေတတ်သည်။ လေ့ကျင့်ခန်းလုပ်ခြင်းက ထိုအခြေအနေကို ပြန်ကောင်းစေနိုင်ပြီး သင့်အား ပြန်လည်ကျန်းမာစေနိုင်ပါသည်။

 

လေ့ကျင့်ခန်း၏ အရေးကြီးပုံ

  • သင်၏နှလုံးကို ကြံ့ခိုင်စေပြီး နှလုံးဖောက်ပြန်ခြင်းအန္တရာယ်အား လျော့နည်းစေပါသည်။
  • ခန္ဓာကိုယ်ရှိ ကိုယ်အင်္ဂါအစိတ်အပိုင်းများအတွက် လိုအပ်သော အောက်စီဂျင်ကို သယ်ဆောင်ပေးရသော သွေးတွင်းရှိသွေးနီဥပါဝင်မှုရာခိုင်နှုန်းနှင့် ဟီမိုဂလိုဘင်ပမာဏကို မြင့်တက်စေပါသည်။
  • သွေးပေါင်ကျစေပါသည်။
  • ကိုလက်စထရောနှင့် သွေးတွင်းအဆီများကို ကျစေပါသည်။
  • စိတ်ဖိစီးမှု လျော့ကျစေပါသည်။

                                       Cd - bumrungrad

Post a Comment

أحدث أقدم